စက်တင်ဘာ ကောက်ကြောင်းများနဲ့ ပြန်စာ

လိုင်းမတူတဲ့ ကပ်ဖဲ တစ်ချပ်လို
ကျနော့်ကို လိုတုန်းသုံးဖို့ဆို
ခင်ဗျားကို ကျနော်မုန်းတယ် … မခင်မာ။

ဝင်ရိုးစွန်းခြင်းတူနေတဲ့
ခင်ဗျားနဲ့ ကျနော့်ရဲ့ လက်ဖျံ နှစ်ချောင်းမှာ
အပ်ရာတွေသာ များလာတယ်
ခုထက်ထိ…. အားမဖြစ်ခဲ့ပါဘူး…….။

ဘယ်နေရောင်ခြည်ရဲ့ ၀င်ပေါက်နဲ့
ခင်ဗျားက တောက်ပချင်တာလဲ မခင်မာ
ကျနော့်ရဲ့ မျက်ကွယ်ရာမှာ
ကြယ်တွေ တလုံးတထွေးနဲ့
ခင်ဗျား ယဉ်ကျေးချင်လျက် ရိုင်းနေတယ်။

ကျနော်မခမ်းနားတိုင်း
မခင်မာအပေါ် ရိုင်းခဲ့ဘူးသလား………..
ဆုတောင်းစကားတွေ ပြည့်ဖို့ထက်
မခင်မာရဲ့ ကျက်သရေကို ပိုမြတ်နိုးခဲ့တယ်..
ကျနော်ရို့ကျိုးသလောက်တောင်
ခင်ဗျားရဲ့ မျက်ဝန်းတွေ မတောက်ပခဲ့တာ
ထပ်ပြီးရေလောင်းပေါင်းသင်နေလဲ
ဒီအဆိပ်ပင်က ကျနော့်အတွက်ပဲ…..။

သွားပါမခင်မာ….ထားခဲ့ပါ……..
ခင်ဗျား စီးမသွားချင်တဲ့ ဖိနပ်ပဲ……
ကျနော့် ကမ္ဘာကလည်း
နောက်တစ်ပတ်ပြီး တစ်ပတ်ပေါ့…။

ရေအဆုံး ကုန်းတစ်ဝက်တဲ့
ခင်ဗျားနဲ့ ကျနော်ကတော့
မီးခိုးမဆုံး မိုးမဆုံး………
မုန်းလိုက်ကြတာ ပိုကောင်းပါတယ် မခင်မာ……။

(ကျေးတော်မျိုး)

0 comments:

:a: :b: :c: :d: :e: :f: :g: :h: :i: :j: :k: :l: :m: :n:

Post a Comment