မဆုံးတဲ့ ကဗျာ
မျှော်လင့်ချက်က သေတမ်းစာ ဆိုရင်
ကျနော်က ခင်ဗျားလက်မှာ သေဆုံးသွားနိုင်တယ်
ပန်းသီးစုန်း။
နှစ်ဆယ့်တစ်ရာသီ လုံးလုံး
တိမ်ဖုံးခဲ့တဲ့ “လ”
ခင်ဗျား ခူးစားခဲ့တဲ့ တိမ်တွေ က
ကျနော့်ရဲ့ ဒဏ်ရာတွေပဲ
အမာရွတ်တွေကတော့ သေခန်း ရှင်ခန်းကို ပြတ်ရော။
တစ်ခါမှ မလှပခဲ့တဲ့ ဆောင်းဦးရာသီ
အခုများ ပကတိကြည်လို့
သဘာဝတရားကလည်း လွတ်လပ် ပွင့်လင်းစွာ
လေထုထဲမှာတောင် ခင်ဗျားရဲ့ ရနံ့ဓါတ်က
ဆတ်ဆတ်ကို ခါလို့
ဆံပင်ရှည်တွေကို ရမ်းလိုက်တိုင်း
သိပ်လှတာပဲ ပန်းသီးစုန်းရယ်……..။
နွေဦးကလည်း ခင်ဗျားလာမှ ပွင့်မတဲ့
မိုးကလည်း ခင်ဗျားပါမှ လတ်ဆတ်စွတ်စို
ဆောင်းနှောင်းကတောင် ခင်ဗျားရှိမှ အေးမတဲ့ဆို
ကျနော့်ကို ခင်ဗျား ကူပေး
တွဲလက်ကလေး တစ်ဖက်အတွက်
ကျနော့် ရင်ဘတ်နဲ့ စစ်ကြေငြာမယ်
မိုက်ဘက်လည်း ရှိမယ် မထင်….။
ဘ၀မှာ ပြင်စရာမလိုတဲ့ အမှန်တရားက
ခင်ဗျားကို ချစ်ခဲ့တာပဲ ဖြစ်မယ်
စိတ်၏ ဆင်းရဲခြင်းက လွတ်မြောက်ခဲ့တာ
ခင်ဗျားရဲ့ နှုတ် ထွက် စကားတွေကြောင့်ပဲ
ဘာပဲဖြစ်ဖြစ် ခင်ဗျား ပြန်ချစ်ခဲ့တာ
ကျေးဇူးတင်ပါတယ်……..။
ဘုရင်က မင်းမြှောက်တန်ဆာရှိမှ တင့်တယ် တယ်။
ဝန်/အမတ်က မင်းအလိုသိမှ တင့်တယ် တယ်။
သူရဲကောင်းက ရဲစွမ်းသတ္တိရှိမှ တင့်တယ် တယ်။
ကျနော့်အတွက်……………………………………
ကိုယ်စားပဲ ဖြစ်ဖြစ် ၊ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်
ရိုက်စစ်စရာမလိုပါဘဲ ၀န်ခံပါတယ်
ခင်ဗျားရှိရင် လူဖြစ်ရကျိုးနပ်တယ်။
ရယ်လိုက်ပါ ပန်းသီးစုန်း
တစ်လောကလုံး မကြား ၊ မသိအောင်
ကျနော် ဖုံးအုပ် ကွယ်ဝှက်ထားပေးမယ်
ကျနော် အတ္တကြီးသွားတာလည်း
ခင်ဗျားတစ်ယောက်တည်း အတွက်ဖြစ်တယ်။
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက
နတ်သမီး မီးခြစ် မဟုတ်ပေမဲ့
ဥတုသုံးပါးလုံး အသုံးဝင်တယ်
ကျနော် ခင်ဗျားကို ယုံတယ် ပန်းသီးစုန်း။
ကမ္ဘာဦးပုံပြင် ၊ ယုံတမ်းစကား
ဒဏ္ဍာရီ ဇာတ်လမ်း နဲ့ ဘုရားသခင်ရဲ့ ပညတ်တော်
ကျနော့်အတွက် ကြမ်းကြား လေ ပဲ။
ခင်ဗျားရဲ့ နှုတ်ဖျားမှာ
ကျနော့်ရဲ့ သစ္စာတရားရှိတယ်။
ခင်ဗျားရဲ့ ခြေရင်းမှာ
ကျနော့်ရဲ့ ကျိုးနွံမှု အသိတရား
ခင်ဗျား ခြုံထား လုံပါတယ် ပန်းသီးစုန်း။
ပန်းသီးတစ်လုံးရဲ့ စုန်းဂါထာ
01-526……..
ကျေးကျွန်တစ်ယောက်ရဲ့ ရှင်ပြန်ထမြောက်မှု
01-200……..-…………
ဖန်လ်ကြိုးမျှင် ဆက်သွယ်မှု ဧရိယာ
မြို့တော်ရဲ့ တစ်နေရာရာမှာပေါ့။
တကယ်တမ်းတော့ ခင်ဗျားက
တေလေ နွားတစ်ကောင်အတွက်
လမ်းလျှောက်ချည်တိုင်လေးပဲ
ဘယ်နေရာ ၊ ဘယ်ဒေသ ဖြစ်ဖြစ်
ကျနော်တို့အတွက် တရားဝင်ပါတယ်။
ပန်းသီးစုန်း ရေ…….
ကမ္ဘာပေါ်မှာ မထင်ရှားတဲ့
အထင်ကရ အဖြစ်အပျက်က
ခင်ဗျားကို ကျနော် ချစ်ခဲ့မိတာကစတာပဲ
သူရဲကောင်း မဟုတ်ပေမဲ့
သခင် အနားမှာ ရှိတဲ့အခါ
ရန်လိုတတ်တဲ့ ခွေးတစ်ကောင်လည်း ဖြစ်တယ်
ခင်ဗျား ချစ်နေဖို့လေးပဲ လိုအပ်တာပါ
ဒါ
ကျနော့် ဘက်က
အကြွင်းမဲ့ လက်နက်ချခြင်းပဲ။
ကျနော့်ရဲ့ သေဆုံးရာ နာမတော်ကို
ပုတ်နှိုးရဲတဲ့ ခင်ဗျားရဲ့ သတ္တိ
မရှိမဲ့ ၊ ရှိမဲ့ကလေး
ဘာအတွက်ပဲ ဖြစ်ဖြစ်
ကျနော့်ရဲ့ စစ်တလင်းကို ငြိမ်းချမ်းစေတယ်
သေမယ့်သေလည်း
ခင်ဗျားရဲ့ ခြေရင်းမှာပဲ “သေမယ်”
ဤမှန်သော သစ္စာစကား။
ဘ၀တစ်သက်တာ တစ်ခုလုံးမှာ
လွန်ခဲ့သော ရှစ်နှစ်ကျော်ကို ဖယ်ပြီး
ခင်ဗျားကို ကျနော် ချစ်ပါတယ်……
ကျိန်စာဆိုတာ
အချိန်တန်တော့ ပြယ်စမြဲ။
ခင်ဗျားက ကျနော့် အတွက်
ဒဏ္ဍာရီလာ သူရဲကောင်း
ရာဇ၀င်မှာပါတဲ့ အရှင်သခင်
ကမ္ဘာဦးကအစ မျက်မှောက်ခေတ်မှာအဆုံး
ရှိခဲ့ဖူးတဲ့ ကောင်းခြင်းမင်္ဂလာတွေ
ခင်ဗျားခြေရင်းမှာ စုပုံထားတယ်
ကျနော့်ကို ဖွဖွလေးနမ်းလို့
ကျနော် သေတမ်းစေ့သွားမယ် ဆိုရင်
အစွဲကလေးတွေ ကျွတ်သွားချင်တယ်။
အရာအားလုံး ပြည့်ပြည့်၀၀ ပြီးဆုံးသွားတဲ့
ကောင်းကင်ကြီးအောက်
ဆာလောင်နေတဲ့ မျက်လုံးတွေကို မြင်ရတာလောက်
ဝမ်းနည်းစရာမရှိဘူး။
(ကဗျာဆရာ-ပိုင် ၏ ပျောက်ဆုံးနေတဲ့ ညစောင့်တစ်ဦး၏ အိပ်မက်)
ဟုတ်တယ် …ပန်းသီးစုန်း
လပြည့်ညတွေကို ကျနော် မုန်းတယ်
ခင်ဗျားကို လွမ်းလို့ ကောင်းကင်ကိုမော့ကြည့်တိုင်း
ကျနော့်ကို လှောင်ပြုံးပြုံးလို့။
အရာရာကို လက်လွှတ်ဆုံးရှုံးထားရတဲ့ ကျနော်
ခင်ဗျားကိုမျှော်လင့်မိတာ
ပုံမှန်ရှုသွင်းနေရတဲ့ အောက်ဆီဂျင်လို
လူပီသဖို့ ၊ အသက်ရှင်ဖို့။
ကျနော့်ကိုယ်ထဲကသွေး
ကိုးဆယ်ရာခိုင်နှုန်းတိတိ
ခင်ဗျားပိုင်တယ် ပန်းသီးစုန်း
ကဗျာဆရာဖြစ်ချင်တဲ့ ဆယ်ရာခိုင်နှုန်းကို
ဒုတိယမြောက် အသက်လိပ်ပြာအတွက်ထားပေးပါ။
ဘ၀မှာအထိနာစရာ ဇာတ်လမ်းတွေက
တခမ်းတနားမဟုတ်ပေမဲ့
ထုတ်ချင်းခတ်လည်း စိုက်ဖူးတယ်။
အိပ်မက်တွေ မရိတ်သိမ်းခင်မှာပဲ
နာကျင်သစ်သီးတွေက ရင့်မှည့်ခဲ့တယ်။
ခိုလှုံစရာမဲ့လောက်အောင်
ရိုင်းခဲ့ဘူးတဲ့ ကိုယ်ရေးကိုယ်တာ
နွေမှာ တစ်သားတည်းကျလို့ပေါ့။
အဝေးမှာ မျှော်လင့်ထားတဲ့ အိပ်မက်
လောကဓံ ဓါးရှစ်လက်နဲ့
တဖိတ်ဖိတ်လက်လို့
တောက်ပချင်တိုင်း တောက်ပနေတယ်
ကျနော့် ရင်ကိုခင်းပြီး နင်းပါ ပန်းသီစုန်း
ခင်ဗျား ခြေဖ၀ါးကသွေးတစ်စက်ကို
ကျနော် နန်းမြို့ရိုးထက်မက်တယ်
အဖြူရောင်ဆိုတာ အရောင်အားလုံးကင်းပါတယ်။
ပန်းသီးစုန်း ရေ…………………………
ပန်သီးစုန်း………….
24နာရီလုံးလုံး ခင်ဗျားဘာသာစကားကလွဲရင်
ကျနော် ဘာသီချင်းမှ မဆိုချင်ဘူး
လိပ်ပြာစူးတာ ရင်ခုန်စရာ သိပ်ကောင်းတာပဲ။
နောက်ထပ် နွေဦးရာသီတွေအားလုံး
ကျနော် ပြည်ဖုံးကားချရဲတယ်
ခင်ဗျားရဲ့လက်တစ်ဖက်နဲ့
မာရ်နတ်ကိုလည်း စစ်ပြိုင်ဖက်မယ်
ကျနော့်အတွက် ပန်းသီးစုန်းက
ဒိုင်းတစ်လက်လည်း ဖြစ်ပါစေ။
လိုအပ်ချက်တွေများတဲ့ အညတရရဲ့တောကို
ခင်ဗျားရဲ့နှင်တံနဲ့ ပြုပြင်ပြီးတဲ့နောက်
ပွင့်ပေါက်လာတဲ့ အသီးအပွင့်တွေအားလုံး
ခင်ဗျားကိုယ်တိုင်ပဲ ရိတ်သိမ်းပါ
နောက်ထပ်ကမ္ဘာအထိ
ကျနော်
ရိုးမြေကျ ရှိမယ်
သံယောဇဉ်လက်စ မပြတ်စတမ်း.....
…………………………………………
……………………………..
…………………….
………….။
ပန်းသီးစုန်းမလေးရဲ့ မွေးနေ့အတွက်
ကျေးတော်မျိုး