ကြည့်မှန်တစ်ချပ် ၊ အပေါ် ၊ အာရုံဝင်စားမှု




မျက်စိထောင့်မှာ  ဖောက်ကနဲ တက်လာတဲ့ အာရုံက စိုးရိမ်ဖွယ်ရာ
အသိအမှတ်က လက်လက်ထနေတဲ့ ၀င်စားမှု တစ်ခုပဲ လိုအပ်ရင်
တွဲချိတ်ဖို့ အသင့်သုံးပစ္စည်းတွေက အနီး ၊ အနား / အထူ ၊ အပါး
ဆိုဒ်အစုံမှာ အလင်းဟာ အလင်းမဖြစ်ပေမဲ့ အမှောင်က အမှောင်ပဲ
လေထဲတွဲလဲခိုနေတဲ့ သတိတရား စိတ်က သင်္ကေတတစ်ခုဖြစ်သွားတယ်
ကိုယ်လည်း ချော်လဲဖူးတယ် ဆိုတဲ့ အသိက ဒူး / ခေါင်း ကိုဖိနှိပ်ထား
စိတ်မရှိပါနဲ့ ….စိတ်ရှိလာခဲ့ရင်  ဖြေဖျောက်လိုက်တဲ့ အာသာ အာသီသ
တွေဝေနေတဲ့ အချိန်ကာလတိုင်း အ၀ိုင်းတွေ ၊ လေးထောင့်တွေ
ကွေ့ဝိုက်လာတဲ့ အစိတ်အပိုင်းတွေက စိတ်တိုင်းမကျဘူး……။
နဂို ၊ မူလ ၊ အစ ၊ ပထမ ၊ အရင်အတိုင်း ၊ ပုံစံမပျက် ၊ အရာမယွင်းတဲ့
“သတိ ခွေးကိုက်တတ်သည်” အစမရှိ အဆုံးမရှိ ဖိချလိုက်တော့
ခင်ဗျားလည်း ကော့တက်သွားတာပဲ စိတ်ကို ကူးရတာ လက်ပန်းကျလာပြီ
ကမ်းမမြင် ၊ လမ်းမမြင် ဝေးဝေးသွားတဲ့ ကူရာ ၊ ကယ်ရာ
အနားမှာရှိနေတုန်း အသိစိတ်တွေ လွတ်ရင်းမက လွတ်လွတ်သွား
ငါးကြီးကြီးမားမားဆိုပြီး နှလုံးသွင်းထားတဲ့ ဖားတွေ
စားပြီးရင်စားနေတဲ့ အက်ဆစ်အပြင်းစားတွေကို ပြန်ဖျော်
လိုက်ဖက်မှုက လူမိုက်ဘက် ဖြစ်ဖြစ်နေတဲ့ တောက်လောင်မှုမျိုး
ထစ်ငေါ့နေတဲ့ စိတ်ကို အရိုးတပ်ပြီး ကြိတ်လှီးပစ်လိုက်တယ်
အချိုးအစားမကျတဲ့ ပုံပန်းသဏ္ဍာန်တွေက အစုအပြုံလိုက်
မွတ်သိပ်နေသလိုမျိုး ခုန်ချသွားတဲ့ ငါးမလေးရဲ့ အသက်နဲ့အရှက် လဲပုံမျိုး
ဟန်ဆောင်ချော်ကျသွားတဲ့ အထဲမှာ ငါ့အပြင်ထွက်ချင်စိတ်တွေ
ဖြေသိမ့်လို့မရတဲ့ အက်ကြောင်းတွေနဲ့ ပွားလာတဲ့ အမှတ်အသားတွေ
အဆီဝေ့နေတဲ့ ခန္ဒာအရေး အကြောင်းထဲမှာ ပလိုင်းပေါက်ပေါ် တင်နေတဲ့
ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ အာဂန္တု သက်သတ်လွတ်ကြီး
ကျကွဲသွားတဲ့ လွတ်ကျမှုတိုင်း ပြန်လည်ဆက်စပ်လိုက်တဲ့ ဖိတ်စင်မှု
ရှိမှု ၊ သိမှုတွေထဲ ပြန်ကပ်ဖို့ အကောင်းစားတံဆိပ်နဲ့
                                  စိတ်ကတော့ အခုထိ လေခိုနေတုန်း။

0 comments:

:a: :b: :c: :d: :e: :f: :g: :h: :i: :j: :k: :l: :m: :n:

Post a Comment