မြစ်ကောက်ကြီး

ပုဏ္ဏားဖြူလေးသည် မြစ်ကမ်းနဖူး၌ ထိုင်၍
မြစ်အတွင်းသို့ ကျူရိုးလေးများ နေ့တိုင်းနေ့တိုင်း မျှောချလေ၏
ကျူရိုးလေးတွေမှာ
ပန်းတွေကိုတော့ သီမပေးလိုက်ဘူး
ပြီးတော့ သစ္စာပြုတယ်
ကျွန်ုပ်တို့အချစ်များ မပျက်ယွင်းသေးက
ကျွန်ုပ်ချစ်ခဲ့ရပါသော ပုဏ္ဏေးမလေးသည်
ဤမည်သော ကျူရိုးလေးတို့အား တွေ့ရှိပါစေသား…။
ပုဏ္ဏေးမလေးသည် ဘူးသီးခြောက်ရေဘူးလေးဖြင့်
နေ့စဉ်နေ့တိုင်း မြစ်စပ်၌ ရေဆင်းခပ်လေ၏
မြစ်အတွင်းမျောလာသော ကျူရိုးတို့အား
ဆယ်ယူကာ ရေချိုး၍
(တစ်လွမ်းစာတေးလေးကို ညည်းလေသည်)
ကျူဖျာလေးများ ရက်ရောင်းပြီး
လင်တော်သူ ပုဏ္ဏားအိုကြီးကို ပြုစုလုပ်ကျွေး၏
ပြီးတော့ သစ္စာပြုတယ်
ကျွန်တော်မျိုးမသည် လင်ယောကျာ်းပုဏ္ဏားအိုကြီးအပေါ်၌
ဝတ္တရား မပျက်ခဲ့ပါ
ဤသစ္စာမှန်ကန်ပါက
ကျူရိုးများသည် မြစ်အတွင်းမှ
အလိုက်သင့် ဆယ်ယူခွင့်ရနေပါစေသား . . .။

မြစ်ကြီးကလည်း သစ္စာပြု၏
‘ကျွန်ုပ်သည် ပုဏ္ဏားဖြူလေး မျှောချလိုက်သော
ကျူရိုးတို့ကို မကွယ်မယှက် သယ်ဆောင်လာခဲ့ပြီး
ပုဏ္ဏေးမလေးဆီသို့ ပို့ဆောင်ပေးခဲ့သူဖြစ်ပါ၏
ဤမှန်သော သစ္စာစကားကြောင့်
သဲကိုးဖြာသော မိန်းမတို့အတတ်များ
ရရှိပါစေသား . . .။             ။
                        သူရနီ
                        ရတီ မေ ၂၀၁၀
ကျနော့်ကဗျာမဟုတ်ပေမဲ့ ကြိုက်လွန်းလို့တင်ထားတာပါ

0 comments:

:a: :b: :c: :d: :e: :f: :g: :h: :i: :j: :k: :l: :m: :n:

Post a Comment