ကျနော် နှင့် အဝေးရောက် ပန်းသီး


ဘယ်အရပ်က လွင့်ပျံလာမှန်း ဘယ်လိုမှ မရိပ်မိခင် နဝေတိမ်တောင် ဖြစ်ရပ်ဆန်း
ကြယ်တွေ တောက် တိုင်း ကိုင်းကျလာတဲ့ အရိပ်တွေထဲမှာ သူမရဲ့ ရယ်သံတွေနဲ့
နေရောင်ခြည် ၊ အဖျားအနား ဝှေ့ဝှေ့ဝဲ၀ဲလေးလို ခိုတွဲနေတဲ့ ရွက်ဖျားနှင်းပေါက်
တောက်တောက်ပပတွေနဲ့ နာကျင်ဒီဂရီ အောက် မှာ ကျနော့်ရဲ့ အသားကျမှုများ
အရိုးဆွေး ၀ဋ်နာ၊ ကံနာတွေကို ဘယ်လိုတောက်ပတဲ့ အလင်းမျိုးနဲ့ အခြေချခဲ့တာလဲ
ပြက္ခဒိန်ထဲက နေ့ကောင်းရက်သာမှာ ပုဏ္ဍားသွေးအန်ကိန်းနဲ့ သင်္ဘောပျက်
ချောက်ခြားဖွယ်ရာ ကိုယ်ရေးကိုယ်တာထဲ နတ်သမီးရဲ့ အနီရောင်ကြက်ခြေခတ်တွေ
ကျနော့် မှာ သူမ ရှိလာပြီ။ တရွေ့ရွေ့ခရီးများ၊ အမှောင်လွန်ညရဲ့ နှုတ်ဆက်တေး
အဝေးက ပဲ့တင်သံမှာ နာရီတွေရဲ့ လှည့်စားကမ်းပါး၊ ဘယ်အရပ် ဘယ်ဒေသမှာ
အဝေးရောက် အနမ်းများ၊ တိမ်တွေငိုလိုက်တိုင်း လက်တံတွေက ရှည်ရှည်လျားလျား
သူမက နတ်စုန်းတစ်ကောင်ဖြစ်တယ်။ ပန်းသီးပင်က စုန်းပျိုမ    နောက်.... ပြီး
စကားလုံးတွေနဲ့ ရယ်သံမှာတောင် အရောင်၊ အနံ့ မခွဲတတ်တဲ့ ကျနော် ၊
နေရောင်ခြည်ထဲက သူမရဲ့ အပြုံး ၊ တဖျပ်ဖျပ် လူးနေတဲ့ ကမ္ဘာ ၊ အက်ကွဲ အမာရွတ်
ရေငွေ့ရိုက်နေတဲ့ အိပ်မက်၊ ဘာမှသက်ဆိုင်မှုမရှိပါဘဲ နာကျင်နေရတဲ့ နာရီ
အသံတွေထဲမှာ တစ်ခုခုကို ခြေရာခံဖို့ ဘာမှမရှိပါဆိုတဲ့ ကောက်ကြောင်းများ
နေ့ရောညတာ ကြီးစိုးနေမှု၊ တစ်စုံတစ်ခုက မလောက်မငှနဲ့ ကွက်လပ်ဖြည့်ပါ
နှင်းဆီအပြာ ၊ ခရမ်းနာ တစ်ခုခုကို ဖွင့်အန်ချဖို့ ပစ်ခေါက်လိုက်တဲ့ အန်စာတုံး
အလွယ်ကူဆုံး ဘာသာရပ်တွေထဲမှာ အကျအရှုံးတွေကြီးကြီးမားမား
နေ၀င်တာစောသလို နေထွက်တာလဲစောပါစေ
စက်တင်ဘာ ၊
ဘာ ဘာသာစကားမှမပါဘူး ၊ ဘာအထင်ကရမှ မရှိဘူး နောက်ပြီး
ကံ၊ ကတ္တား မခွဲပဲ နင့် ကို ငါ ချစ်တယ် ပန်းသီးစုန်း ........................။

                                                                                      (ကျေးတော်မျိုး)
                                                                        ၂၁-၉-၂၀၁၁
                                                                        မနက်(၆)နာရီ(၁၉)မိနစ်

0 comments:

:a: :b: :c: :d: :e: :f: :g: :h: :i: :j: :k: :l: :m: :n:

Post a Comment